Thursday, March 18, 2010

လူဆိုတာကတော့ ကိုယ်စီကိုယ်စီ ဗီဇ၊ ၀ါသနာလေးတွေတော့ ရှိတတ်ကြပါတယ်။ တချို့ က ခပ်အေးအေး၊ ခပ်ငြိမ်ငြိမ်၊ တချို့ က ခပ်သောသော၊ ခပ်ရွှင်ရွှင်၊ တချို့ က ခပ်မိုက်မိုက်၊ ခပ်ရိုင်းရိုင်း၊ တချို့ က ခပ်ပိုပို၊ ခပ်ကဲကဲ၊ အဲ….တချို့ က အလုပ်နဲ့ လက်မပြတ် လှုပ်ရှားနေကြတာ။ တချို့ က ပါးစပ်က အအားမနေကြဘူး။ ပတွတ်ပတွတ် အမြဲပြောနေရမှ။ တချို့ က ဆရာ ၀ါသနာ၊ တချို့ က စပ်စုကြတယ်။ တချို့ က သူများအတင်းပြောနေရမှ။ တချို့ က ဘု၊ ကန့် လန့် ။ တချို့ က……. အဲ…… များသွားပြီးလား မသိ။ ပြဿနာမရှိ။ သံစဉ်ထည့် ဟစ်ဟော့လုပ်ကာ စိုင်းစိုင်းလက်ထဲ ထိုးအပ်စေ။ (တစ်ပုဒ်စာ)

ရှင်လေးမော် ၀ါသနာကြတော့ လိုရင်းမရောက်နိုင်တဲ့ ၀ါသနာ။ လိုရင်းမရောက်ဆိုတာ ဟိုမရောက်၊ ဒီမရောက် ကိုပြောတာ။ စကားပြောရင်လည်း လိုရင်းမရောက်နိုင်ဘူး။ စာရေးရင်လည်း လိုရင်းမရောက်နိုင်ဘူး။ ဆုံးခန်းတိုင်အောင် လုပ်တဲ့ အကျင့် ရှင်လေးမော်မှာ မရှိဘူး။ ဟိုဟာဆိုလည်းပါ။ ဒီဟာဆိုလည်းပါ။ နောက်ဆုံး (ကန်တော့ ကန်တော့) အင်အင်း ပါတဲ့ အလုပ်တောင် ဆုံးခန်းတိုင်အောင် မလုပ်ချင်ဘူး။

လူအမျိုးမျိုး၊ ၀ါသနာ ဗီဇအမျိုးမျိုး ရှိကြတာတော့ အဆန်းတော့ မဟုတ်ပါဘူး။ ဆန်းတာက ကိုယ့်မှာရှိတဲ့ ၀ါသနာ၊ ဗီဇလေးက ပတ်ဝန်းကျင်ကို ကောင်းကျိုးမပေးဘဲနဲ့ ၊ အနှောင့်အယှတ် ဒုက္ခပေးတာက ဆန်းတာပါ။ ကောင်းတဲ့ ၀ါသနာမျိုးဆိုရင်လည်း အားလုံးအတွက် အသုံးချပေးလိုက်စမ်းပါ။ မကောင်းတဲ့ ၀ါသနာဆိုရင်တော့ ၀ါသနာကို ရှေ့တန်းမတင်ဘဲ ထိန်းသိမ်းဖို့ ၊ အတတ်နိုင်ဆုံး ဟန်ဆောင်နေလိုက်ဖို့ ပါပဲ။

ပြောရင်းဆိုရင်း လိုရင်း မရောက်တော့ဘူး။ ဆက်ပြောချင်တာက အနတ္တပုစ္ဆက အကြောင်း။ အကျိုးမဲ့တဲ့ တရားကို ဟောစမ်းပါဆိုတာ။ သူက ဘုရားရှင်ကို ဘယ်သူမှ မမေးတဲ့ အကျိုးမဲ့ ပျက်စီးစေတတ်တဲ့တရား မေးတယ်။ ဘုရားရှင်ကလည်း ကန့် လန့်  တိုက်တဲ့ သူ့ ကို ဂရုတစိုက် ဖြေပေးတော်မူပါတယ်။ ပုဏ္ဏား…..
“ သင်ဟာ လောကီမှာ စီးပွါးတွေ ဖြစ်ချင်သပဆိုရင်၊ လောကုတ္တရာနယ်ပယ်မှာ ချမ်းသာတွေ ရချင်တယ်ဆိုရင် ဒီတရားတွေကို မလုပ်နဲ့ ၊ ရှောင်လော့။ အကျိုးမဲ့၊ အစီးပွါးမဲ့ ဖြစ်ချင်ရင်တော့ ဆောင်လော့။”

တကယ်တော့ ပုဏ္ဏားကြီးက ဘုရားရှင်ကို ကြံကြံဖန်ဖန် မေးလိုက်တာပါ။ သူ့ ဗီဇပိုးလေးက ဆစ်ထု ပေးလိုက်တဲ့ မေးခွန်းပါ။ ပုဏ္ဏား….

အိပ်ရာထနောက်ကျမှ ထခြင်း
ပျင်းရိခြင်း။
ရက်စက် ကြမ်းကြုတ်ခြင်း
မူးယစ်ပျော်ပါးနေခြင်း
တစ်ယောက်ထဲ ခရီးသွားခြင်း
သူတစ်ပါး သားမယား အိမ် ၀င်ထွက်သွားလာခြင်း၊ ဆက်ဆံခြင်း။

ဘုရားရှင်က အကျိုးမဲ့စေတတ်တဲ့ တရားတွေ တစ်ခုချင်းမိန့် လိုက်တယ်။ ပုဏ္ဏားကြီးကလည်း ဟုတ်၊ မဟုတ် စဉ်းစားတွေးခေါ်ပြီး ခေါင်းတညိတ်ညိတ်နဲ့  ဟုတ်ကြောင်း၊ မှန်ကြောင်း ထောက်ခံ ပေးနေတော့တာပါ။ တစ်ပါးသူနဲ့  စကားပြောတိုင်း အလိုမကျ၊ သဘောကျလေ့ရှိတဲ့ ပုဏ္ဏားကြီးက ဒီတစ်ခါတော့ အလိုကျဟန်ပြပါတော့တယ်။ သူ့ စိတ်နေ သဘောထားကို ကျေနပ်အောင် လုပ်ပေးနိုင်စွမ်းရှိတဲ့ ဘုရားရှင်ကိုလည်း သာဓုတွေ အကြိမ်ကြိမ် ခေါ်ပြီး လေးစားကြည်ညိုနေတော့တာပါ။





Saturday, March 6, 2010

ဆယ်လွန်းတင် ကြိုး



“၀ဋ်ဆင်းရဲမှ၊ မလွတ်ရ၊ ချည်ကသံယောဇဉ်”

မနက်စောစော ဒေါင်းလုပ် လုပ်ပြီးသား တရားတွေထဲက တစ်ပုဒ်ကို ဖွင့်လိုက်တော့ တရားဟောဆရာရဲ့ သံယောဇဉ်ဆိုတဲ့ စကားလုံးလေးကို ရှင်းတမ်းလုပ်နေတာ ကြားရပါတယ်။ ဒီသံယောဇဉ်ဆိုတဲ့ စကားဟာ ငယ်ငယ်ကတည်းက ကြားဖူးနေခဲ့တာပါ။ လောကုတ္တရာ စာပေထဲ ခြေချတော့လည်း ဒီသံယောဇဉ်နဲ့  အပီအပြင်ကို တိုးပြန်ပါသေးတယ်။ စာပေအသိလေး နဲနဲသိလိုက်တော့လည်း ကိုယ့်မှာ ဒါကြီးက ချည်ခံနေရတာပါလားလို့  ထပ်ဆင့် ထပ်ဆင့် သိရပြန်ပါပြီ။

ငယ်ငယ်က အိမ်မှာ သာမန်နွားတွေထက်စာရင် နဲနဲရိုင်းတဲ့ နွားကြီးတစ်ကောင်ရှိပါတယ်။ တစ်နေ့ မှာ အဲဒီနွားကြီးကို ချည်ဖို့ ဆိုပြီး အဘိုးက သာမန်နွားချည်ကြိုးနဲ့ မတူတဲ့ နွားချည် ကြိုးကို အပီအပြင် ကျစ်နေတော့တာပါ။ မိမိလည်း အဘိုးကို စပ်စုလိုက်ပြန်ပါတယ်။ အဲဒီကြိုးက ဘာလုပ်ဖို့  လဲ အဘိုးကို မေးတော့ သူက “နွားကြီးက နဲနဲ ရိုင်းနေလို့  လွတ်ထွက်မသွားအောင် အသေချာ ချည်ဖို့  ဂရုတစိုက် ကျစ်နေတာကွ” တဲ့။ အော် နွားကြီး လွတ်ထွက်မသွားအောင်ဆိုပါလား။ အဘိုးရဲ့ စကားကိုလည်း ပြန်ကြားယောင်မိပြန်ပြီ။

လောကမှာ လူသားနဲ့  သံယောဇဉ်၊ သံယောဇဉ်နဲ့  လူသား မကင်းကြပါဘူး။ သတ္တ၀ါတွေကို ဆင်းရဲခြင်းတွေမှ လွတ်ထွက်မသွားအောင် ချည်ထားတာက သံယောဇဉ်ကြိုးလေးပါ။ သွပ်ကြိုး၊ နိုင်လွန်ကြိုး၊ သံမဏိကြိုးစတဲ့ သာမန်ကြိုးလေးတွေ မြင်နေရပေမယ့် အဲဒီ သံယောဇဉ်ကြိုးလေးကတော့ မြင်လို့  ရနိုင်တဲ့ အရာမဟုတ်ပါဘူး။ သာမန်ကြိုးတွေကို တစ်ခုခုနဲ့ ဖြတ်ဖို့  လွယ်ပေမယ့် သံယောဇဉ် ကြိုးလေးကတော့ ပြတ်အောင် ဖြတ်ဖို့  လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါ။ သတိမထားမိရင် ချည်ထားလို့  ချည်ထားမှန်းတောင် မသိတဲ့ အဖြစ်သနစ်ရယ်ပါ။

မိမိတို့ မှာ ဖြစ်နေကြတဲ့ ပူလောင်မှု၊ စိုးရိမ်မှု၊ ငိုကြွေးမှုတွေနဲ့  တသီးတခြားဆီ ဖြစ်မသွားရအောင် ချည်ထားပေးတာက သံယောဇဉ်ကြိုးတွေပါပဲ။ လူတွေဟာ ဒီသံယောဇဉ်ကြိုးတွေ အချည်အနှောင်ခံထားရတော့ ဘာလုပ်လုပ် မလွတ်လပ်ကြတော့ပါဘူး။ မှားနေပါလျက်နဲ့  ဒီသံယောဇဉ်ကြောင့် အမှားကိုလည်း အမှန်လုပ်ပြီး ဖုံးကာပစ်တတ်ကြပါတယ်။ သံယောဇဉ်ကြိုး များများ အချည်ခံရလေ အမှန်တရားဆိုတာ ကွယ်ပျောက်လေပါပဲ။

လောကမှာ သွပ်ကြိုး၊ နိုင်လွန်ကြိုး၊ သံကြိုးစတဲ့ သာမန်ကြိုးတွေဆိုတာ ပေါမှပေါ။ အဲဒီကြိုးတွေ ဘာလုပ်ဖို့ လဲ ဆိုတာ မေးစရာတောင် လိုမယ်မထင်ပါဘူး။ သူ့ နေရာနဲ့ သူ အသုံးချ ချည်နှောင်ဖို့ ပဲ မဟုတ်လား။ ချည်နှောင်ခံရမယ့် အရာဝတ္ထု အရွယ်အစား အလိုက် အဲဒီကြိုးတွေကို အသုံးချဖို့ ပါ။ ဥပမာ နွားဆိုရင်ပဲကြည့်။ ရိုးရိုး နွားဆိုရင် သာမန် နွာချည်းကြိုးနဲ့  ချည်နှောင်ရုံပါပဲ။ နဲနဲ ရိုင်းတဲ့ နွားဆိုရင် သူနဲ့ တန်တဲ့ ကြိုးတော့ ဖြစ်အောင် ဖန်တီးပြီး ချည်လိုက်ရတာပေါ့။ အဲဒါကြောင့် ကြိုးတွေလည်း နှစ်လွန်းတင်ကြိုး၊ သုံးလွန်းတင်ကြိုး စသဖြင့် ရှိကြရတော့တာပါ။

သံယောဇဉ်ဆိုတာလည်း သတ္တ၀ါတွေကို ဆင်းရဲခြင်းကနေ လွတ်မြောက်မသွားအောင် ချည်ထားတက်တဲ့ သဘောရှိတာမို့  ကြိုးနဲ့  တူပါတယ်။ သူ့ မှာ သာမန်ကြိုးတွေထက် ချည်နှောင်နိုင်တဲ့ သတ္တိစွမ်းအားကလည်း မနဲပါဘူး။ ကိုယ့်ကို အချည်အနှောင်ခံထားရတဲ့ ကြိုးဟာ ဘယ်နှစ်ချောင်းနဲ့  ယက်ထားသလဲ၊ နှစ်လွန်းတင်ကြိုးလား၊ သုံးလွန်းတင်ကြိုးလားဆိုတာ သိရအောင် ဘုရားရှင်က ဒီလို ခွဲခြားပြခဲ့ပါတယ်။

(၁) လောကမှာ ငါ့အိမ်၊ ငါ့နေရာ၊ ငါ့သား၊ ငါ့သမီး၊ ယောက်ျား၊ မိန်းမစသဖြင့် အခေါ်အဝေါ် အားဖြင့်သာ ရှိတဲ့ အရာတွေကို တကယ် ရှိတာလို့  မြင်နေမယ်၊ ထင်နေမယ်ဆိုရင် အဲဒါဟာ ပထမဆုံးဖြစ်တဲ့ သံယောဇဉ်ကြိုးတစ်ချောင်း အချည်အနှောင်ခံထားရတာပါပဲ။ နဲနဲမြင့်မြင့် ပြောရရင်တော့ ပညတ်နဲ့ ၊ ပရမတ်ကို ခွဲခြားပြီး မမြင်တက်တာပါပဲ။ တကယ်တော့ ငါ့သား၊ ငါ့သမီး၊ ငါအိမ်၊ ငါ့နေရာ စတဲ့ အရာတွေဟာ အပေါ်ယံပဲ ကြည့်ပြီးခေါ်တဲ့ဟာတွေပါ။ တကယ့်အနှစ်အားဖြင့်တော့ ရုပ်နဲ့ နာမ် နှစ်ခုထဲပါပဲ။ ဒီသံယောဇဉ်ကြိုးကို ပြတ်ချင်တယ်၊ ဖြတ်ချင်တယ်ဆိုရင်တော့ တကယ့် အနှစ် ဖြစ်တဲ့ ရုပ်နဲ့  နာမ်ကို ပဲ တရားနယ်ပယ်ထဲကနေပြီးတော့ ရှု့လိုက်ဖို့ ပါပဲ။ (ဒိဋ္ဌိ)

(၂) ရတနာသုံးပါး အပေါ်မှာ ယုံမှားသံသယ ၀င်နေမယ်ဆိုရင်လည်း ဒုတိယသံယောဇဉ် ကြိုးလေးတစ်ချောင်း ထပ်ချည်ခံထားရတာပါပဲ။ ဘုရားရှိတာ တကယ်မှ ဟုတ်ရဲ့လား၊ တရားကျင့်ရင်ရော အဟုတ်တကယ် ဆင်းရဲခြင်းမှ လွတ်မြောက်နိုင်ပမလား ဆိုတဲ့ အတွေးမှား၊ သံသယ မှားတွေနဲ့  ရတနာသုံးပါးရဲ့ အပေါ်မှာ သုံးသပ်နေတာလည်း ဒုတိယသံယောဇဉ်ကြိုးလေး မပြတ်နိုင်သေးလို့ ပါ။ (၀ိစိကိစ္ဆာ)

(၃) ကိုယ့်အတွက် ဘာမှ အကျိုးမရှိဘဲ အချိန်ကုန်ခြင်းသာ အဖတ်တင်တဲ့ အကျင့်ကို ကျင့်နေတယ်ဆိုရင်လည်း တတိယမြောက် သံယောဇဉ်ကြိုးလေး ရစ်ပတ်ချည်နှောင်ခံနေရတာပါ။ ဘုရားရှင် လက်ထက်ကလည်း ဒီလို မကောင်းတဲ့ အကျင့်တွေကို ကောင်းတဲ့ အကျင့်မှတ်ပြီးတော့ တတိယမြောက် သံယောဇဉ်ကြိုးလေး အချည်အနှောင်ခံထားရတဲ့သူတွေလည်း မနည်းပါဘူး။ အခုလည်း အိန္ဒိယမှာ အများကြီး ကျန်နေပါသေးတယ်။ နွားလိုနေ နွားလိုစားတဲ့ အကျင့်လည်း ရှိတာပဲ။ ခွေးလို ကျင့်နေတဲ့ လူတွေလည်း ရှိတာပဲ။ တချို့ ဆိုရင် ဂင်္ဂါ မြစ်ရေနဲ့  ရေချိုးရင် အကုသိုလ်တွေ ပျောက်တယ်ဆိုပြီး ဂင်္ဂါ ရေးချိုးဆိပ်မှာ ချိုးနေတဲ့ သူတွေလည်း မနဲပါဘူး။


တကယ်တမ်းတော့ အကုသိုလ်ဆိုတာ စိတ်မှာဖြစ်တဲ့ သဘောတရားတွေပါ။ ကိုယ်ပေါ်မှာ ရှိတဲ့ အရာမဟုတ်လို့  သာမန်ရေချိုးရုံနဲ့ တော့ မပျောက်ပါဘူး။ ဂင်္ဂါမြစ်ရေ ချိုးလိုက်လို့  ချေးတော့ ပြောင်ချင် ပြောင်သွားမှာပေါ့လေ။ ဒါပေမယ့် စိတ် အညစ်ကြေးတော့ ပြောင်မှာမဟုတ်ပါဘူး။ ဒီလိုကျင့်ကြံနေတဲ့ သူတွေဟာ ကိုယ်ကျင့်နေတဲ့ အကျင့်ကို သီလ၊ သမာဓိ၊ ပညာနဲ့  မဆင်ခြင်၊ မသုံးသပ်ကြလို့ ပါပဲ။


အကျင့်တစ်ခုကို ကျင့်တော့မယ်ဆိုရင် ဒီအကျင့်ဟာ သီလဖက်က တိုးတက်မှုရှိသလား၊ စိတ်အေးချမ်းမှု၊ သမာဓိရောရရဲ့လား၊ ရုပ်၊ နာမ် တရားတွေကို ခွဲခြားသိတက်တဲ့ ပညာတွေရော တိုးပွား လာသလားဆိုတာ သုံးသပ်ရမှာပါ။ အကယ်၍ အဲဒီ သုံးချက်မှ ဖြစ်မလာဘူးဆိုရင် အဲဒီအကျင့်ကို စွန့် ပစ်ရင်း သံယောဇဉ်ကြိုးလေး တစ်ကြိုး ထပ်ဖြတ်လိုက်ရုံပါပဲ။ (သီလဗ္ပတ ပရာမာသ)

(၄) နောက်တစ်ခုက ကိုယ့်ထက်သာ မနာလိုတာလည်းပဲ သံယောဇဉ်ပါပဲတဲ့။ လူတွေဟာ ကိုယ့်ဖြည့်ဆည်းခဲ့တဲ့ ကံ၊ ဥာဏ်၊ ၀ီရိယသုံးပါး မတူကြတာကြောင့် လက်ရှိ အခြေအနေရ တစ်ယောက်နဲ့  တစ်ယောက် ဖြစ်ပုံခြင်းလည်း တူညီမှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ ကိုယ့်ထက်ဆင်းရဲတဲ့ သူ၊ ချို့ တဲ့သူ လည်း မြင်ရ၊ တွေ့ ရ နိုင်သလို၊ ကိုယ့်ထက်ချမ်းသာတဲ့သူ၊ ရာထူးကြီးတဲ့ သူတွေကိုလည်း တွေ့ နိုင်တာပါပဲ။ အဲဒီအပေါ်မှာ ကိုယ်က မနာလိုတဲ့ စိတ်နဲ့ သွားပြိုင်နေမယ်ဆိုရင်တော့ နောက်သံယောဇဉ် တစ်ချောင်းနဲ့ ထပ် အချည်ခံနေရတာ သေချာသွားပါပြီ။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဖို့ သာ ပြင်ထားကြပေတော့။ ဒီသံယောဇဉ်ကြိုးသာ အချည်ခံနေရင်တော့ အဲဒီသူဟာ သူများကို ဒုက္ခပေးဖို့  အချိန်းတိုင်းလိုလို ကြံနေတော့မှာပါ။ (ဣ



(၅) သံယောဇဉ် နောက်တစ်ကြိုးကိုလည်း ထပ်မှတ်ပါအုံး။ ကိုယ်ဆီမှာရှိတဲ့ အသိကို ကိုယ်သိသလို၊ ကိုယ်တတ်သလို သူများကို မျှဝေ မပေးချင်တာ၊ ကိုယ့် ပစ္စည်းကို ၀န်တိုတတ်တဲ့ စိတ်ဟာလည်း သံယောဇဉ်ကြိုး နောက်တစ်ချောင်းနဲ့  ထပ်အချည်ခံနေရတာပါပဲ။ ကိုယ့်ပစ္စည်းနဲ့ ကို အကုသိုလ်ရစေတဲ့ သံယောဇဉ် အမျိုးစားပါ။ (မစ္ဆရိယ)

(၆) ချောတာ၊ လှတာ၊ နှစ်သက်စရာကောင်းတဲ့ အရာတွေကို လိုချင်တောင့်တ တတ်တဲ့စိတ်ဟာလည်း သံယောဇဉ် ဖြစ်နေလို့ ပါပဲ။ လိုချင်တာ၊ ချစ်ခင်တာ၊ သတိရတာတွေဟာ တကယ်တမ်းကြတော့ ဆင်းရဲမှုတွေပေးတဲ့ သံယောဇဉ် အမျိုးအစား တစ်ခုပါ။ ချမ်းသာမှုကို မပေးပါဘူး။ ကြုံတွေ့ လာတဲ့ ကာမဂုဏ် အာရုံတွေကို မကပ်ငြိ၊ မတွယ်တာဘဲနဲ့  မျှမျှတတ နေတတ်ဖို့ ပါပဲ။ (ကာမရာဂ)

(၇) နောက်တစ်ခုက အပေါ်က သံယောဇဉ်နဲ့  ပြောင်းပြန်သဘောလေးပါ။ စိတ်တိုင်းမကျတာ၊ စိတ်ဆိုးတာတွေ ရင်ထဲမှာ ဖြစ်နေရင်လည်း သံယောဇဉ်ကြိုးတစ်ကြိုး အချည်ခံရေပြီလို့  မှတ်လိုက်ပါ။ လိုချင်တာ၊ ချစ်တာ၊ နှစ်သက်တာတွေကို မရလို့ ၊ရလာရင်လည်း စိတ်တိုင်းမကျ ဖြစ်တာဟာ ဒေါသ ဖြစ်လာတဲ့ သဘောပါပဲ။ (ပဋိဃ)

(၈) ကိုယ့်ဘ၀လေးကို ကိုယ်နှစ်သက်နေတာဟာလည်း သံယောဇဉ်ပါပဲ။ ချမ်းသာတဲ့ သူကလည်း ချမ်းသာတဲ့ အလျောက်၊ ဆင်းရဲတဲ့သူကလည်း ဆင်းရဲတဲ့ အလျောက် ကိုယ့် ဘ၀လေးကို ကိုယ်နှစ်သက် ကျေနပ်နေကြတာပါ။ ဘ၀ဆိုတာ တကယ်တော့ ဘာမှ နှစ်သက်စရာ မရှိပါဘူး။ အိုရတာ၊ နာရတာ၊ သေရတာတွေဟာ ဒုက္ခကြီးပါပဲလေ။ မတွယ်တာ၊ မကပ်ငြိပဲနဲ့  သံယောဇဉ်ကြိုးတစ်ကြိုး တတ်နိုင်သလောက် ဖြေလျော့ပေးဖို့ ပဲ ကြိုးစားရမှာပါ။ (ဘ၀)

(၉) ဘယ်နေရာမဆို၊ ငါပါမှ ပြီးမယ်၊ ငါရှိမှ ဖြစ်မယ်ဆိုတဲ့ ထောင်လွှားတတ်တဲ့ စိတ်ဟာလည်း မာန သံယောဇဉ်ကြိုးနဲ့  အချည်ခံနေရတာပါ။ ပစ္စည်း ဥစ္စာ ရာထူး ဂုဏ် ပညာတွေနဲ့  အရာအရာမှာ မာန်တတ်နေသူဟာ သံယောဇဉ်တစ်ပါး ဖြစ်နေတာပါပဲ။ လူတိုင်း အချည်ခံထားနေရပါတယ်။ (မာန)

(၁၀) မောဟ သံယောဇဉ်ကြိုးကလည်း မိမိတို့ အချည်ခံနေရတဲ့ ကြိုးတစ်ချောင်းပါပဲ။ သစ္စာလေးပါးတရားကို မသိ၊ မမြင်အောင် ဖုံးလွှမ်းကာကွယ်တတ်တဲ့ သဘောပါ။ အမှန်တရားကို ကာကွယ်ထားတာမို့  ဖြတ်နိုင်အောင် ကြိုးစားရမှာပါ။ (အ၀ိဇ္ဇာ)

သံယောဇဉ်ကြိုးကြီး ကျစ်လာတာ တော်တော် ထူသွားပါပြီ။ တော်တော် ခိုင်မာတဲ့ ကြိုးကြီးလည်း ဖြစ်သွားပါပြီ။ အချည်ခံရတဲ့ သူတွေလည်း မပြတ်နိုင်တဲ့ သံယောဇဉ်ကြိုးတန်းလန်းနဲ့ သံသရာမှာ အမျောကြီးသာ၊ မျောကြပေရော။

တကယ်တော့ သံယောဇဉ် ရှိတယ်ဆိုတာ ချစ်တဲ့သူ၊ ခင်တဲ့သူလောက်ပဲ ဖြစ်တဲ့ သဘောလို့  ထင်ထားကြတာ များပါတယ်။ ကပ်ငြိတွယ်တာတတ်တဲ့ သံယောဇဉ်ကြိုးတွေကို ကြည့်လိုက်ရင် ချစ်တဲ့ သူရော၊ မုန်းတဲ့ သူရော အားလုံပေါ်မှာ ဖြစ်နိုင်တာကို တွေ့ ရမှာပါ။ အာရုံတစ်ခုခုကို သံယောဇဉ်ဖြစ်လာပြီ၊ ဆိုရင် ဖြစ်တဲ့ စိတ်အပေါ်မှာ ပဲ သံယောဇဉ်ကြိုးကို ဖြေလျော့ဖို့ ၊ ဖြတ်တောက်ဖို့  ကြိုးစားရမှာပါ။ ဥပမာ သား၊ သမီး၊ မိဘ အပေါ်မှာ ဖြစ်တဲ့ ကိုယ့်သံယောဇဉ်စိတ်ကိုသာ ဖြတ်ဖို့ ၊ လျော့ဖို့ ၊ ရှူ့ ဖို့ လိုရင်းပါပဲ။ သား၊ သမီးတွေကို ဖြတ်စရာမလိုပါဘူး။ သံယောဇဉ် ဖြစ်စရာ အာရုံတစ်ခုခု ကြုံတွေ့ လာပြီဆိုရင် အဲဒီအာရုံပေါ်မှာ သာယာတဲ့စိတ်၊ ကျေနပ်တဲ့စိတ် မဖြစ်အောင် ထိန်းဖို့ လို့ သလို၊ ဒေါသမဖြစ်မိအောင် လည်း မိမိရဲ့ စိတ်ကို ထိန်းလိုက်ဖို့ ပါပဲလေ။









Thursday, February 25, 2010

(၁)
တစ်နေ့ က မိတ်ဆွေ တစ်ယောက်ကပြောတယ်။ မောင်မော်ကွန်း "မင်းက မင်းဇာတိ ကို တော်တော် သတိရပုံ ရတယ်"တဲ့ မိမိလည်း ဘာလို့ လဲ ပြန်မေးလိုက်တော့ "မင်းစာတွေ ဖတ်ရတာ ရွာပဲ ပြန်ပြန်ရောက်နေတယ်" တဲ့။ ဟုတ်ပါတယ်။ မိမိအတွက် မေ့လို့ မရနိင်တဲ့ မွေးရပ်မြေက ကြုံရဆုံရ နေ့ စဉ် ဘ၀လေးကို အကြောင်း တိုက်ဆိုင်တိုင်း သတိရမိပါတော့တယ်။ ဟုတ်တယ်လေ။ ဇာတိရပ်မြေ ဆိုတာ မေ့လို့ မရစကောင်းတဲ့ အရာပဲ မဟုတ်လား။

“ မမေ့ဘူး” “မမေ့ဘူး” မော်ကွန်း ဘယ်လိုမှ မေ့လို့ မရပါဘူး။ နေ့ စဉ် အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ် မိမိကြီးပြင်း လာခဲ့တဲ့ ရွာလေးကိုတော့ သတိရမြဲ ရနေတာပါ။ ဖတ်နေတဲ့ စာတွေကလည်း ဆရာ ဓမ္မဂင်္ဂါရဲ့ ကိုယ်တိုင်ကြွားတွေ ဆိုတော့ ရွာက ဘကြီးပျော့ တို့  ဘကြီးညိုတို့ အမယ်မှုံတို့ ကို သတိရမိတာတော့ မထူးဆန်းလှပေဘူးပေါ့။

(၂)
နေ့ လည်ခင်းက ရန်ကုန်မှာနေတဲ့ ရွာက သူငယ်ချင်း တစ်ယောက်က အီးမေလ် ပို့ ပါတယ်။ အဒေါ် ရန်ကုန်ကို ရောက်နေတယ်တဲ့။ သူ့ ကို ဖုန်းဆက်ပါအုံး သူက မင်းနဲ့ ရန်ကုန် ရောက်တုန်း ရောက်ခိုက် စကားပြောချင်လို့ ပါတဲ့။ သူငယ်ချင်း မေးလ်ကို ဖတ်နေတုန်းမှာပဲ အဲဒီ အဒေါ်အနိုင်နဲ့  ပတ်သက်ပြီး မိမိဖြစ်ခဲ့တာလေးတွေ ချက်ချင်း သတိရမိတော့တာပါ။

သူ့ ကို အဒေါ်အနိုင်လို့ ခေါ်ရတာလည်း အကြောင်းရှိတယ်။ အဆိုတော် အနိုင်ကို ကြိုက်လို့ ခေါ်တာ မဟုတ်ဘူး။ သူက မိမိအပေါ်ဆိုရင် ငယ်ငယ်ကလေးထဲက နိုင်နေလို့ ပါ။ နိုင်လည်း နိုင်မှာပဲလေ။ သူက မိမိအပေါ်ဆိုရင် မိဘတွေလိုပဲ စေတနာနဲ့  ထိန်းကျောင်း ပေးနေသူပါ။ ကျောင်းသွား၊ ကျောင်းပြန်လည်း သူပဲလိုက်ပို့ ပေးခဲ့သူပါ။ မုန်းဘိုးတွေလည်း အများကြီးပေးခဲ့ဘူးတာပါ။ သူကတော့ မိမိကို ချစ်လည်းချစ် နိုင်လည်းနိုင်ပါတယ်။ သူတစ်ခါတစ်ခါ ဒေါသ ဖြစ်စရာ ရှိလာပြီ ဆိုရင်လည်း မိမိနဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် မိမိကိုပဲ လာရောက်ပြီး သူ့ ဒေါသတွေ ပေးနေတော့တာပါ။ ရဟန်းဘ၀ရောက်တော့လည်း သူ့ ရဲ့ မေတ္တာ၊ စေတနာ အနိုင်တွေက မိမိပေါ်ပြေရော့လိုက်မယ် မထင်ပါနဲ့ ။ နိုင်မြဲ နိုင်နေတုန်းပါပဲ။ အဲဒါကြောင့်လည်း မိမိက သူ့ ကို တိတ်တခိုးလေး အဒေါ် အနိုင် ကြီးလို့ ပေးထားတော့တာပါ။

(၃)
သူ နိုင်ခဲ့တာတွေထဲက တစ်ခုကိုလည်း သည်းခံပြီး မျှဝေခံစားပေးပါဦး။ တခါက မိမိ စာမေးပွဲ ဖြေပြီးလို့  ရွာကိုပြန်သွားပါတယ်။ အဲဒီ အချိန်မှာ အဒေါ်အနိုင်ကြီးကပဲ မိမိကို လာကြိုခဲ့ပါတယ်။ တွေ့ တွေ့ ချင်းပဲ မိမိပါလာတဲ့ အထုပ်ပိုးလေးတွေ လက်ကသယ်ပြီး မိမိကို စကားတွေ ဒီလို အဆက်မပြတ် ပြောပါတော့တယ်။ “ ဦးဇင်း စာမေးပွဲတွေ ဖြေနိုင်ရဲ့လား။ တရားတွေရော ဟောဖို့ အဆင်သင့်ဖြစ်နေပီလား။ တပည်တော်တို့ အိမ်မှာ ညဘက် အထူးတရားပွဲ လုပ်ဖို့ ရှိတယ်။ အဲဒီမှာ ဦးဇင်း ဟောဖို့ လည်း ရွာကလူတွေ ပြောထားပြီးပီ။ ဟောရဲအောင်သာလုပ်ပေတော့။ အများကြီး မဟောနိုင်ရင်တောင် နာရီဝတ်၊ တစ်နာရီလောက်ဆိုရပြီ။ ဦးဇင်းက ဆရာတော်ကြီးတွေ ကြောက်ပြီး မဟောရဲမှာဆိုးလို့ တပည့်တော် ကျောင်းထိုင်ဆရာတော်တွေတောင် ပင့်မထားဘူး။ ဦဇင်းရယ်၊ ပြီးတော့ ဦးဇင်း သူငယ်ချင်းတွေ လောက်ပဲ ပင့်ထားတာ။ ဟောရဲအောင် ဟောနော် ကြားလား။ ကောင်းတာ မကောင်းတာအပထား ဖြစ်သွားဖို့ ပဲ အရေးကြီးတယ်။ ကျန်တဲ့ သူတွေ ဘယ်လိုပဲပြောနေနေ ဦးဇင်း ပရိသတ်အဖြစ် တပည့်တော် တစ်ယောက်လုံးရှိတယ်” ဆိုပြီး စကားအပြောနဲ၊ လူတောမတိုးရဲတဲ့ မိမိကို ထိုထိုသော အကြောင်းများ မရှိရလေအောင် အစ ပထမ ပွဲထုတ်ပေးဘို့  အားပေးပြောဆိုနေတော့တာပါ။

(၄)
အဒေါ်အနိုင် စီစဉ်ချက် အတိုင်း ညတရားပွဲ ရောက်တော့မှာပါ။ အချိန်ကည ခုနှစ်နာရီစမှာပါတဲ့။ အကြီးအကျယ်တော့ မဟုတ်ပါဘူး။ ပရိတ်သက်က သူ့ ရဲ့ အိမ်တွင်း၊ အိမ်ပြင် ပြည့်ရုံလေးပါပဲ။ တရားပွဲ ဖန်းတီးရှင် အဒေါ်အနိုင်တစ်ယောက်လည်း အလုပ်တွေ ရှုပ်နေပါပြီ။ ကြွရောက်လာတဲ့ ဓမ္မမိတ်ဆွေ အပေါင်းတွေကိုလည်း သူကိုယ်တိုင် ဟိုဟိုဒီဒီ နေရာ ချပေးနေတော့တာပါ။ အဒေါ်အနိုင် တစ်ယောက် လူကြားထဲမှာ သူဖန်းတီးထားတဲ့ အတိုင်း ဗျာများရချေပြီ။ ဆရာပြောသလို များနိုင်တုန်း များနေတာထင်ပါရဲ့။

မိမိလည်း တရားပွဲအချိန်က နီးနေပြီမို့  ဟောဖို့ ရည်ရွယ်ထားတဲ့ ကော်ပီကူးတရားတော်ကိုလည်း လူမသိ၊ လူမမြင် ချောင်ကျကျနေရာလေး တစ်ခုမှာ ဇောချွေးတသီးသီးနဲ့  အဒေါ်အနိုင် နိုင်သမျှ ဗျာများရပြန်ပါပြီ။ အဒေါ်ရဲ့ အားပေးစကားတွေကိုလည်း ဓမ္မကထိက ဖြစ်ရေးအတွက် အားဆေးအဖြစ် ထပ်တလဲလဲ သုံးရချေပြီ။

တရားပွဲ အချိန် ရောက်ဖို့  ဆယ့်ငါးမိနစ်သာလို ပါတော့တယ်။ မိမိလည်း တရားဟောရမယ့် နေရာလေးကို စတင်နေရာယူလိုက်ပါပြီ။ ရှေးဆုံးက ဘုရားကိုးဆူ ဆရာ ဘကြီးတောင်ကျော် ကလည်း မိုက်ခရိုဖုန်း မြင်ရင် မနေနိုင်တော့တာမို့  သူ့ မင်းသားလုပ်ရမယ့် ဘုရားကိုးဆူပွဲ မဟုတ်သော်လည်း အခွင့်အရေး ရရင်၊ ရသလောက် မိမိရှေ့ က မိုက်ခရိုဖုန်းကို “ ဟယ်လို ၀မ်း၊ တူး၊ သရီး၊” “အဟမ်း အဟမ်း” စသည်ဖြင့် အသံချဲ့စက်ဆရာ စိတ်ညစ်လောက်အောင် စမ်းပါတော့တယ်။ အင်း … သူလည်းကြုံတုန်းလေး လုပ်လိုက်တာ နေမှာပါပဲလေ။

(၅)
တရားပွဲ မတည်အလှုရှင် အဒေါ်အနိုင်ကတော့ နေရာ အတည်တကျ မယူသေးပါဘူး။ မိမိက သူ့ ကိုပဲ အရိပ်တကြည့်ကြည့် ကြည့်နေရချေပြီ။ သူပဲ တရားပွဲ ဖြစ်ဖို့ အစီစဉ်စွဲ၊ သူကိုယ်တိုင် တရားပွဲ မတည်အလှုရှင်ကြီးအဖြစ်လည်း နေရာယူ၊ သူပဲ မိမိရဲ့ အမာခံ အားပေးနေမယ့် ပရိတ်သက်ပါဆိုပြီး ဆိုခဲ့ပြန်သေးတာဆိုတော့ အားကိုးတကြီး သူ့ ကိုပဲ ကြည့်နေရတော့တာပါ။

တရားပွဲ စတင်ဖို့ ငါးမိနစ်သာလို ပါတော့တယ်။ အဲဒီအချိန်မှာ ရွာသူကြီး ဦးဗိုလ်ဆောင် အမှာပါးလိုက်တဲ့ စကားကို အလောတကြီး သယ်လာသူ ရွာဆော် ကိုဘရီက မိမိရှေ့ တော်မှောက်ကို ရောက်လာပြီး ဘုရားကိုးဆူဆရာ ဘကြီးတောင်ကျော် စမ်းလို့ မပြီးနိုင်တဲ့ မိုက်ခရိုဖုန်းကို စတင် လုယူပါတော့တယ်။

ပြီးတော့ ရပ်ကျော်၊ ရွာကျော်အော်လိုက်တာက “ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းတို့ ခင်ဗျား။ အခု လေးစားအပ်ပါသော (သူ ဖားတာပဲ ဖြစ်မှာပါ) ရွာသူကြီး ဦးဗိုလ်ဆောင်က အမှာတော်ပါးလိုက်ပါတယ်။ ထွေထွေ ထူးထူးတော့ မဟုတ်ပါဘူး ခင်ဗျား။ ရွာသူကြီးက ဒီတရားပွဲကို သူကိုယ်တိုင်ပဲ လာရောက်နာယူမှာပါတဲ့ ခင်ဗျား။ အဲဒါ ရပ်ရေး၊ ရွာရေး ကိစ္စများ အထူးဆောင်ရွက်နေရတာမို့  တရားပွဲကျင်းပမယ် အချိန်ထက် အနည်းငယ် နောက်ကျမည် ဖြစ်ပါသောကြောင့် သည်းခံ စောင့်ပေးကြပါရန် ရွားသူကြီး ကိုယ်စား ကျွန်တော် ရာအိမ်မှုး မောင်ဘရီက အထူးမေတ္တာရပ်ခံအပ်ပါတယ်ခင်းဗျား” ဆိုပြီး သူ့ ဟာသူလည်း ရာအိမ်မှုး ဆိုပြီး လူစုံတုန်း အမွှမ်းတင်ကာ အမှာတော်စာကို ကြေငြာလိုက်တော့တာပါ။

မိမိအတွက်တော့ ဒီတရားပွဲကို မြန်မြန်သာ ပြီးလိုက်ချင်ပါပြီ။ ရင်ထဲမှာလည်း အတော်ပူရချေပြီ။ ချွေးတွေကလည်း အညာနွေရာသီရဲ့ ပူအိုက်မှုကြောင့်ရော၊ “တရားဟောတော့မယ့် ကိုယ်တော်လေးဆိုပြီး” အလျှိုလျှိုကြည့်နေတဲ့ ကျောင်းနေဘက် သူငယ်ချင်း မိတုတ်၊ မဲလုံး၊ မောင်ကျစ်၊ စတဲ့ ရွယ်တူ တန်းတူတွေ။ ပြီးတော့ တို့ ကိုယ်တော် လေးတော့ အစွမ်းတွေပြတော့မယ်ဆိုြ်ပီးထင်သလုံး ကြည့်နေတဲ့ ဘကြီးပျော့၊ အမေကြီး စောသိန်း စတဲ့ တရားပွဲ သဘာရင့်၊ ၀ါရင့် ရွာရဲ့ သက်တော်ရှည် ဘကြီး မေကြီးတွေကလည်း မျှော်လင့်တကြီး ကြည့်နေတာရယ်ကြောင့် ပါလာတဲ့ လက်ကိုင်ပ၀ါ ရေစွတ်ထားသလိုပဲ ဖြစ်နေတော့တာပါ။

(၆)
ရွာသူကြီးက စောင့်ဆိုတော့လည်း ဘယ်သူမှ မငြင်းသာတော့လေပြီ။ ဒီထဲမှာ ရွာသူကြီးကို အပြစ်ပြောချင်တဲ့ သူလည်း ပြောရဲပြောလေပဲ။ ပြောလို့ ကတော့ ရာအိမ်မှုး ကိုဘရီရဲ့ ပုရပိုဒ်ထဲ သင်္ကြန်အတွက် သိကြားမင်း ဆင်းမမှတ်ခင် အမှတ်ခံဖို့သာ ပြင်ပေရော….။ ပြောတဲ့သူ တစ်နေရာကနေ မှတ်…မှတ်…အကုန်မှတ် ပေတော့…..ကို ဘရီရေ….။

ရွာသူကြီးလည်း မလာသေးတာမို့  အဒေါ်အနိုင်တစ်ယောက် လာသမျှ၊ ဓမ္မမိတ်ဆွေများ မပြန်ကြစေရန် ရည်ရွယ်ပြီး မိမိတရားဟောမယ့်နေရာ မနီးမဝေး နေရာလေးက နှစ်ဆယ့်တစ်လက်မ တီဗီလေးကို ကြွားလုံးထုတ်ရန် ဖွင့်ပြတော့တာပါ။ အချိန်က ခုနှစ်နာရီ သာသာမို့  ဖွင့်ဖွင့်ခြင်းပဲ ဓားသံ "ချွမ်" "ချွမ်" "အု အား" စတဲ့ သိုင်းကွက် ပြဟန်တို့ ကို နုတ်ခမ်းမွေး ရှည်ရှည် လူတစ်ယောက်နဲ့  ရုပ်ချော ချော အသားဖြူဖြူ လူတစ်ယောက် ကြည့်ရှု့ သူများ သဘောခွေ့ မနောတွေ့ ကြစေဖို့  အပီအပြင် ဖန်သားပြင်ပေါ်ကနေ လှုပ်ရှားပြနေကြတော့တာပါပဲ။

လှုပ်လာပါပြီ။ သံသရာ ထွက်မြောက်ကြောင်းတရားများ နာကြားရန်ဆိုတဲ့ ဓမ္မမိတ်ဆွေ တစ်သိုက် နှစ်ဆယ့်တစ်လက်မ တီဗီ ဖန်သားပြင်လေးပေါ်က သူနိုင် ၊ ကိုယ်နိုင် အချေအတင် အားပြိုင်နေသူများကို စိတ်ဝင်တစား ခံစားနေကြပါပြီ။ ဒီထဲမှာ ဆိုးတာက မိမိရှေ့ တော်မှောက်ရောက်နေတဲ့ “ ၀မ်း တူး သရီး” ဆရာ ဘကြီးတောင်ကျော်ကိုယ်တိုင် တမ်းတမ်းစွဲ မိုက်ခရိုဖုန်းကိုပင် သတိမရတော့ဘဲ “ ဟဲ့ ရှေ့ က တို့ ဖိုးထောင် သမီး ငြိမ်ငြိမ်နေစမ်းပါအေ၊ အာရုံပြတ်လိုက်တာ” စတဲ့ သူ့ ရှေ့ မှ တီဗီမျက်နှာပြင်ကို ဟိုဘက်ယိမ်း ဒီဘက်ယိမ်းကာ ကွယ်နေတဲ့ ဆယ့်သုံးနှစ်သမီး လေးကိုပင် စိတ်မရှည်တဲ့ လေသံမျိုးနဲ့ ပြောပြီး စတင် ဂျူမှုံ တရားများ မှတ်နေတော့တာပါ။

ဘကြီးတောင်ကျော်ထက် ဆိုးတာက မိမိရဲ့ တရားပွဲ ဖြစ်မြောက်ရေး မတည်အလှုရှင် အဒေါ်အနိုင်တစ်ယောက် ဘယ်ရောက်နေလဲကြည့်လိုက်ပြန်တော့ သူလည်း အိမ်ပိုင်ရှင် ပီသစွာ ရှေ့ ဆုံးက နေရာယူ ကိုရီးယား သံသရာရှည် ရှုကွက်များ ကြည့်နေတာတွေရပါတော့တယ်။

(၇)
သူတို့ စိတ်ထဲမှာ တရားပွဲလို့ ပင် သဘောပေါက်ပုံ မရတော့။ သံသရာ ထွက်မြောက်ကြောင်း တရားများထက် ဂျူမှုံချပြသော အကွက်တိုး တရားများကိုသာ အဖန်အဖန် “ဂျူမှုံတဲ့ကွ” ဆိုသူကဆို “သိုင်းချနေတာကို လှတာလို”့ပြောသူကပြော စသဖြင့် စသဖြင့် ထမင်းမေ့၊ ဟင်းမေ့၊ တရားမေ့၊ အထိုထိုမေ့ကာ ကိုယ်တွေ့  အံ့အားသင့်စွာပဲ တွေ့ ရပါတော့တယ်။

“ကြွလာပါပြီခင်ဗျာ”။ “ရွာသူကြီး ကိုဗိုလ်ဆောင် တရားနာရန် ကြွလာပါပြီ ခင်ဗျား”ဆိုပြီး ရွာသူကြီးနဲ့ တကွ ရာအိမ်မှုး မောင်ဘရီလည်း အိမ်ထဲကို ၀င်လာပါတော့တယ်။ အဲဒီအချိန်မှာ ကိုရီးယား သိုင်းကွက်များနဲ့  အဖန်ဖန်မူးမေ့နေသော အဒေါ် အနိုင်တစ်ယောက် ထပြောလိုက်တာက “ လေးစားအပ်ပါသော တရားဟောအရှင် တူတော်မောင် ပဇင်းနှင့်တကွ ရွာသူကြီးကိုဗိုလ်ဆောင် ဘုရား အဲ... ကိုဗိုလ်ဆောင် အတွက် “ရှင်” (သူ့ ကိုသူလည်း ဘာတွေဖြစ်နေလဲ သိတော့ပုံမပေါက်) တရားပွဲကို ဂျူမှုံ အပြီး ရှစ်နာရီ တိတိမှသာ ကျင်းပပေးကြပါရန် အားလုံသော ကိုရီးယား မိတ်ဆွေများ ကိုယ်စား ပြောကြားအပ်ပါတယ် ဘုရား၊ "ရှင်” တဲ့ ။

“အောင်မလေး” ပွင့်တော်မူပြီးသော ဘုရားများနှင်တကွ နောင်ပွင့်လတ္တံသော ဘုရားများ တစ်ဆူ မကျန် ထိုသူများအား ကယ်တော်မူကြပါကုန်…………………………။


တူတော် မောင်ပဇင်းကို ဒီလောက်ပစ်ထားလောက်အောင် နိုင်တာဆိုတော့
အဒေါ်ကို အဒေါ်အနိုင်လို့  နာမည်ပေးထားတာ မလွန်ဘူးထင်တာပါပဲ။


အဟောင်းများ ပြန်လည်ခံစားချင်ရင်ပေါ့

ကဗျာမဟုတ်၊ အမေ့ ရင်းတွင်းဖြစ် (click)
ဘလော့ဂါတစ်ယောက်ရဲ့ ဖြစ်ကြောင်းကုန်စင်(click)
ပရော်ဖတ်ဆာ ဒေါက်တာ ဒေါ်ကုလားမ(click)
ဂုရုကြီးနဲ့  အမေး၊ အဖြေ(click)
ဘကြီးပျော့ရဲ့ အပျော့စား စိတ်ဓာတ်(click)
သား၊ သမီးများ အတွက် အဖေ့ အလင်္ကာ(click)
မြင့်မြတ်သော ဘ၀နေနည်း(click)
မွေးနေ့ ရှင်တိုင်းသို့  အမှတ်တရ(click)
နားလည်စမ်းပါ ကလေးရယ်(click)
ချက်နည်း၊ ပြုတ်နည်း(click)
လကဲ့သို့  ကျင့်သော မဟာလူသားများ(click)
လက်ကျန်ပိတ် မရသော စားရင်းရှင်းတမ်းများ(click)

ကြိုဆိုပါတယ်

အားလုံ့း